ဘုရားသခင်၏ အသံတော် | ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

ခရစ်တော်, စိတ်နေသဘောထား, ယုံကြည်ခြင်း, သမ္မာတရား, အသက်

သင်တို့စွမ်းဆောင်ရရှိရန် ငါမျှော်လင့်ထားသည့်အရာများ မြောက်မြားစွာရှိ၏၊ သို့သော်လည်း သင်တို့၏လုပ်ရပ်များအားလုံးနှင့် သင်တို့၏အသက်တာနှင့်ဆိုင်သော အရာခပ်သိမ်းတို့သည် ငါတောင်းဆိုသောအရာကို ဖြည့်ဆည်းရန် တတ်စွမ်းနိုင်သည်ကား မဟုတ်ချေ၊ ထို့ကြောင့် ငါ့အနေဖြင့် လိုရင်းကို တဲ့တိုးပြောရန်နှင့် ငါ၏အလိုကို သင်တို့အား ရှင်းပြရန်သာ ရှိတော့သည်။ သင်တို့၏ ချင့်ချိန်နိုင်စွမ်းသည် နုံချာပြီး သင်တို့၏ သဘောပေါက်မှုသည်လည်း အလားတူပင် နုံချာသည်ကို ထောက်ရှုသော် သင်တို့အနေဖြင့် ငါ၏စိတ်နေသဘောထားနှင့် အနှစ်သာရတို့အကြောင်းကို လုံးဝနီးပါး မသိဘဲလျက် ရှိနေကြသောကြောင့် ၎င်းတို့အကြောင်းကို သင်တို့အား ငါအသိပေးရန်မှာ အလောသုံးဆယ်ကိစ္စတစ်ရပ်ပင် ဖြစ်တော့၏။ သင့်အနေဖြင့် ယခင်က မည်မျှပင် နားလည်ခဲ့သည်ဖြစ်စေ၊ ဤကိစ္စရပ်များကို နားလည်ရန် သင်၌ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့အကြောင်းကို သင်တို့အား ငါသည် အသေးစိတ် ရှင်းပြရပေဦးမည်။ ဤကိစ္စရပ်များသည် သင်တို့အတွက် လုံးဝအစိမ်းသက်သက်ဖြစ်နေသည်ကား မဟုတ်ချေ၊ သို့သော်လည်း ၎င်းတို့အထဲတွင် ပါဝင်သော အဓိပ္ပာယ်နှင့်ပတ်သက်၍မူ သင်တို့၌ နားလည်မှုများစွာ၊ အကျွမ်းဝင်ခြင်းများစွာ ကင်းမဲ့နေသည်။ သင်တို့ထဲမှ လူအတော်များများ၌ ရေးရေးနားလည်မှုအချို့သာ ရှိကြပြီး ထိုနားလည်မှုမှာလည်း တစ်ဝက်တစ်ပျက်ဖြစ်ကာ မစုံလင်ပေ။ သင်တို့အနေဖြင့် သမ္မာတရားကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန် အကူအညီဖြစ်စိမ့်သောငှာ ပထမဦးဆုံး ဤကိစ္စရပ်များကို သင်တို့သိမှဖြစ်မည်ဟု ငါထင်သည်။ သို့မဟုတ်ပါက သင်တို့၏ ယုံကြည်ခြင်းသည် မရေမရာ၊ အယောင်ဆောင်အဖြစ် ရှိနေဦးမည်ဖြစ်ပြီး ဘာသာတရား၏ အဆောင်ယောင်များနှင့် ပြည့်နေဦးမည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ရန်မှာ သင့်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို သင်မသိပါက သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ သင်၌ရှိရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ၊ ထိုအရာများအစား အလေးမထားသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် မလိမ့်တပတ် ပြုမူမှုတို့သာ ရှိမည်ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြုပြင်၍မရသော စော်ကားမှုသာရှိပေလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းမှာ အကယ်ပင် အရေးကြီးသော်လည်း၊ ထို့ပြင် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား လျစ်လျူရှု၍ မရသော်လည်း ဤကိစ္စရပ်များကို မည်သူမျှ စေ့စေ့စပ်စပ် မဆန်းစစ်ဖူးကြ၊ သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းဖူးကြပေ။ သင်တို့အားလုံးသည် ငါထုတ်ပြန်ထားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ဖယ်ခဲ့ကြပြီး ဖြစ်သည်ကို ထင်ထင်ရှားရှားမြင်ရသည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ကြပါက သင်တို့အနေဖြင့် သူ၏စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိကြရန် အလားအလာအလွန်များလိမ့်မည်။ သူ၏စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ အမျက်ကို သွားဆွသည့်သဘောသက်ရောက်ပြီး ထိုသို့ဖြစ်လျှင် သင့်လုပ်ရပ်များ၏ နောက်ဆုံးအသီးအပွင့်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းဖြစ်လိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သင်သိပါက သူ၏စိတ်နေသဘောထားကို သင်နားလည်နိုင်ကြောင်းကိုလည်း ယခုတွင် သင်သဘောပေါက်လောက်ပေပြီ၊ သူ၏စိတ်နေသဘောထားကို သင်နားလည်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုလည်း သင်နားလည်ပြီးသား ဖြစ်ပေလိမ့်မည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲ၌ ပါဝင်သောအရာ အများစုသည် ဘုရားသခင်၏ စိတ်နေသဘာထားအကြောင်း အချုပ်အားဖြင့် ပြောပြသည်ကို ပြောစရာပင်မလိုပေ၊ သို့သော်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် သူ၏စိတ်နေသဘောထား အလုံးစုံကို ဖော်ပြထားခြင်းကား မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် သင်၏နားလည်ခြင်းကို တိုးတက်စေခြင်းအရာ၌ ဤသည်ထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။Read More »

Advertisements