မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း

ဘုရားသခင်၏အမှုသည် ဆက်လက်တိုးတက်လျက်ရှိရာ ယင်းအမှု၏ ရည်ရွယ်ချက်မှာ မပြောင်းလဲဘဲ တည်ရှိနေသော်လည်း အမှုများကို ဆောင်ရွက်သည့် နည်းလမ်းများမှာမူ အစဉ်မပြတ် ပြောင်းလဲလျက်ရှိပြီး ထိုသို့အားဖြင့် ဘုရားသခင်နောက် လိုက်လျှောက်သူများသည်လည်း ပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်၏အမှုမှာ များပြားလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်ကို နှံ့စပ်စွာ ပိုမိုသိမြင်လာရပြီး သူ၏ စိတ်သဘောထားသည်လည်း ဘုရားသခင်၏အမှုနှင့် လျော်ညီစွာ ပြောင်းလဲလာသည်။ သို့ရာတွင် ဘုရားသခင်၏အမှုမှာ ထာဝစဉ်ပြောင်းလဲနေတတ်သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိသူများနှင့် သမ္မာတရားကိုမသိသူ စိတ်ပျက်ဖွယ် လူသားတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါမျှ ဟောင်းနွမ်းမသွားဘဲ အမြဲတမ်းအသစ်သာ ဖြစ်နေသောကြောင့် လူသားတို့၏ အယူအဆများနှင့် မည်သည့်အခါမျှ ကိုက်ညီခြင်းမရှိပါ။ ဘုရားသခင်သည် အမှုဟောင်းကို မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်ခြင်း မပြုသည့်အပြင် တစ်ခါမျှ မလုပ်ဆောင်ဖူးသေးသည့် အမှုကိုလည်း တစ်ဟုန်ထိုး လုပ်ဆောင်သည်။ ဘုရားသခင်သည် သူ၏အမှုကို ထပ်ခါတလဲလဲ ပြန်လုပ်ဆောင်ခြင်း မရှိသော်လည်း လူသားက ဘုရားသခင်၏ ယနေ့လက်ရှိအမှုကို ဘုရားသခင်၏ အတိတ်ကအမှုကို အခြေခံလျက် အစဉ်သဖြင့် ဝေဖန်အကဲဖြတ်လေ့ရှိသောကြောင့် ခေတ်ကာလသစ်တစ်ခု၏ အမှုအဆင့်တစ်ဆင့်စီတိုင်းကို ဆောင်ရွက်နိုင်ရန် ဘုရားသခင်အတွက် အလွန့်အလွန်ပင် ခက်ခဲလာသည်။ လူသားက မြောက်မြားလှစွာသော အတားအဆီးများကို ဖြစ်ပေါ်စေလျက်ရှိသည်။ လူသား၏ စဉ်းစားတွေးခေါ်မှုများသည် အလွန်ပင် အမြင်ကျဉ်းမြောင်းလှသည်။ ဘုရားသခင်၏အမှုကို လူတစ်ဦးတစ်ယောက်ကမျှ မသိနားမလည်ဘဲနှင့် ထိုသူအားလုံးက ထိုအမှုကို အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဘုရားသခင်နှင့် ဝေးသည့်နေရာတွင် လူသားသည် အသက်၊ သမ္မာတရားနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးရသည်။ သို့တည်းတိုင် လူသားမှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ပေးသနားသည့် သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို လက်ခံရန် မဆိုထားနှင့်၊ အသက်နှင့် သမ္မာတရားကိုပင် လက်ခံခြင်းမရှိပေ။ လူသားအားလုံးသည် ဘုရားသခင်ကို ရယူလိုကြသော်လည်း ဘုရားသခင်၏ အမှုအတွင်း အပြောင်းအလဲများရှိလျှင်မူ သည်းခံနိုင်ခြင်းမရှိကြချေ။ ဘုရားသခင်၏အမှုသစ်ကို လက်မခံသူများက ဘုရားသခင်၏အမှုသည် အပြောင်းအလဲကင်းမဲ့၍ အစဉ်ထာဝရ လုံးဝဥဿုံရပ်နေသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်ထံမှ ထာဝရကယ်တင်ခြင်းကိုရရှိရန် လိုအပ်သမျှသော အရာအားလုံးမှာ ပညတ်တော်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ မိမိတို့၏အပြစ်များကို နောင်တရပြီး ဝန်ခံနေသရွေ့၊ ဘုရားသခင်၏အလိုတော်ကို ထာဝရကျေနပ်နှစ်သိမ့်မှု ပေးနိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်ထားကြသည်။ ဘုရားသခင်သည် ပညတ်တော်အောက်၌ရှိသော ဘုရားသခင်သာလျှင် ဖြစ်နိုင်ပြီး လူသားတို့အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုစွဲနှက်ခံခဲ့သော ဘုရားသခင်သာဖြစ်နိုင်သည်ဟု ၎င်းတို့က ထင်မြင်ကြကာ၊ ဘုရားသခင်သည် သမ္မာကျမ်းစာကို မကျော်လွန်နိုင်၊ မကျော်လွန်သင့် ဟူသည်မှာလည်း ၎င်းတို့၏ ထင်မြင်ချက်ပင်ဖြစ်သည်။ အဆိုပါထင်မြင်ချက်များကပင် ၎င်းတို့အား ဥပဒေသဟောင်းများသို့ ခိုင်မြဲစွာ ချုပ်နှောင်ထားစေလျက် တင်းကျပ်သော စည်းမျဉ်းများဖြင့် ချုပ်ချယ်ကန့်သတ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ မည်ကဲ့သို့သော အမှုသစ်မဆို ထိုအမှုသည် ဗျာဒိတ်များအရ သက်သေခိုင်လုံစွာ ပြနိုင်ရမည်ဖြစ်ကာ အဆိုပါအမှု၏ အဆင့်တစ်ခုစီတိုင်းတွင် စစ်မှန်သော နှလုံးသားဖြင့် သူ့နောက်တော်သို့လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များပြသရမည်၊ သို့မဟုတ်ပါက ထိုအမှုမှာ ဘုရားသခင်၏ အမှုမဟုတ်နိုင်ဟု ယုံကြည်ကြ၏။ လူသားတို့အတွက် ဘုရားသခင်ကို သိရှိနားလည်လာရန်မှာပင် လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။ လူသား၏ စိတ်ပျက်ဖွယ် စိတ်နှလုံးနှင့် စိတ်ကြီးဝင်၍ မိမိသာအရေးပါသည်ဟု ထင်တတ်သော ပုန်ကန်တတ်သည့် သဘာဝဗီဇကိုပါ ထည့်ပေါင်းလိုက်ပါလျှင် ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် လူသားအတွက် လုံးဝပို၍ပင်ခက်ခဲပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မရှိသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မရှိပေ။ ထိုမျှမကဘဲ မထီမဲ့မြင် သဘောထားလျက်ပင် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းညွှန်ချက်ကို စောင့်မျှော်နေကြသည်။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။Read More »